18. သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲသားကိုစားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့အား အမဲသားကိုပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌နေစဉ်၊ ငါတို့သည်ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက်ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသားကိုပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။
19. တရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်သာ စားရကြမည်မဟုတ်။
20. သင်တို့နှာခေါင်းထဲကအမဲသားထွက်၍ ရွံစရာဖြစ်သည်တိုင်အောင် တလပတ်လုံးစားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည်မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက်ပြောဆိုကြပြီတကားဟု မောရှေအား မိန့်တော်မူ၏။
21. မောရှေကလည်း၊ အကျွန်ုပ်နှင့်ဆိုင်သော လူယောက်ျားပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အားအမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊
22. သူတို့ကိုဝစွာကျွေးခြင်းငှါ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ၊ ပင်လယ်ငါးရှိသမျှတို့ကိုစုဝေးရပါမည်လောဟုလျှောက်လျှင်၊
23. ထာဝရဘုရားက ထာဝရဘုရားလက်တိုသလော။ ငါ့စကားတည်မည် မတည်မည်ကို သင်သိလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
24. မောရှေသည်ထွက်၍ ထာဝရဘုရား၏စကားတော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကိုစုဝေးစေ၍၊ ပရိသတ် စည်းဝေးရာတဲတော်ပတ်လည်၌ ထားလေ၏။
25. ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့်ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုယူ၍ အသက်ကြီးသူခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာကျိန်းဝပ်သောအခါ၊ သူတို့သည်ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။
26. ထိုလူစု၌ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည်စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာနေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်းပရောဖက်ပြု၍ တပ်ထဲမှာဟောကြ၏။