9. သင်တို့သည်ကိုယ်ပြည်၌ နေသောအခါ၊ တိုက်လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုးမှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့၍၊ ရန်သူလက်မှကယ်တင်တော်မူမည်။
10. သင်တို့သည် ရွှင်လန်းခြင်းကိုပြုသောနေ့၊ ပွဲသဘင်နေ့၊ လဆန်းနေ့တို့၌ သင်တို့ဘုရားသခင်အောက်မေ့တော်မူဘို့ရာ၊ သင်တို့မီးရှို့ရာယဇ်၊ မိဿဟာယဇ် ပူဇော်သက္ကာများ၊ အပေါ်မှာတံပိုးမှုတ်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
11. ဒုတိယနှစ်၊ ဒုတိယလအရက်နှစ်ဆယ်မြောက်သောနေ့ရက်၌၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော်မှ ကွာမြောက်သည်ဖြစ်၍၊
12. ဣသရေလအမျိုးသားတို့သည် သိနာတောင်မှခရီးသွားကြ၏။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော၌ တည်နေ၏။
13. ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ပဌမခရီးသွားခြင်းကို ပြုကြ၏။
14. ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန်အုပ်ရ၏။
15. ဣသခါတပ်ကို၊ ဇုအာသားနာသနေလအုပ်၏။
16. ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘအုပ်ရ၏။
17. တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသားတို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။
18. ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသားဧလိဇုရအုပ်ရ၏။