1. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား
2. သင်သည်ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကိုချီစေခြင်းငှါ၎င်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံးကို၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။
3. တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌စည်းဝေးရကြမည်။
4. တံပိုးတလုံးတည်းကိုမှုတ်လျှင်၊ ဣသရေလအမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌စည်းဝေးရကြမည်။
5. နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့သည် ချီသွားရကြမည်။
6. ဒုတိယအကြိမ်နှိုးဆော်သံနှင့်မှုတ်သောအခါ၊ တောင်တပ်တို့သည် ချီသွားရကြမည်။ တတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည်ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ၊ မြောက်တပ်တို့သည်ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းဌာ နှိုးဆောင်သံနှင့်မှုတ်ရမည်။
7. ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြုဘဲ တံပိုးမှုတ်ရမည်။
8. အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်း။
9. သင်တို့သည်ကိုယ်ပြည်၌ နေသောအခါ၊ တိုက်လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုးမှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့၍၊ ရန်သူလက်မှကယ်တင်တော်မူမည်။