4. ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊
5. သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင် ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။
6. သို့သော်လည်းထ၍ မြို့သို့ဝင်လော့။ သင်ပြုရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။
7. ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက်ရပ်နေကြ၏။
8. ရှောလုသည်လည်းမြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။
9. သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက်ဘဲ နေလေ၏။
10. ထိုအခါ အာနနိအမည်ရှိသော တပည့်တော်တယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင်ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ ခေါ်တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါသည်ဟုလျှောက်၏။
11. သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်းဖြောင့်အမည်ရှိသော လမ်းသို့သွားလော့။ ရှောလုအမည် ရှိသောတာရှုမြို့သားကို ယုဒ၏ အိမ်၌ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်းလျက်နေ၏။