တမန်တော်ဝတ္ထု 28:3-21 Judson Bible (BJB)

3. ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည်မီးငွေ့ထဲကထွက်၍ ပေါလု၏ လက်ကို တွယ်လျက်နေ၏။

4. ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူအသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။

5. ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။

6. သူသည်တကိုယ်လုံးရောင်မည်၊ တခဏခြင်း တွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့်သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကား နတ်ဘုရားဖြစ်သည်ဟု ဆိုကြ၏။

7. ထိုအရပ်နှင့်မနီးမဝေး ပုဗလိ အမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။

8. ပုဗလိမင်း၏အဘသည်ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်းပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကို ငြိမ်းစေ၏။

9. ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။

10. ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍ ၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကိုလည်း သင်္ဘောပေါ်သို့ တင်ကြ၏။

11. သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တုပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊

12. သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။

13. ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့ သို့ရောက်၍ တရက်နေပြီးမှ တောင်လေလာသောကြောင့်၊ နှစ်ရက်တွင်ပေါတယောလိ မြို့သို့ရောက်ကြ၏။

14. ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။

15. ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်း လာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။

16. ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။

17. သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ၏။

18. ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှါအလိုရှိကြ၏။

19. ထိုအလိုကိုယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ခံပါမည်ဟုအကျွန်ုပ် ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ။

20. ဣသရေလအမျိုး၏မြောက်လင့်ရာ အတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊

21. ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌ အပြစ်ရှိကြောင်းကို မကြားမပြောပါ။

တမန်တော်ဝတ္ထု 28