17. ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လတ်ခံကြ၏။
18. နက်ဖြန်နေ့၌ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။
19. ပေါလုသည်ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့် ဘုရားသခင်သည် တပါးအမျိုးသားတို့တွင်ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ၏။
20. ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်းရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရားဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။
21. တပါးအမျိုးသားတို့တွင် နေသော ယုဒလူအပေါင်းတို့သည် သူငယ်တို့အားအရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက်၊ သူတို့သည်မောရှေ တရားကိုစွန့်စေခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သိတင်းကြားကြပြီ။
22. သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။
23. ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့။ သစ္စာဂတိပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ၏။
24. ထိုသူတို့ကို ယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်းကိုပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်းတို့သည် မိမိတို့ကြားသော သိတင်းစကားမမှန်သည်ကို၎င်း၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက်၍ ကျင့်နေသည်ကို၎င်း သိရကြလိမ့်မည်။
25. ယုံကြည်ခြင်းသို့ ရောက်သောတပါးအမျိုးသားတို့မူကား၊ ထိုသို့ သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို ၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။
26. ထိုအခါပေါလုသည် ထိုသူတို့ကိုခေါ်၍ နက်ဖြန်နေ့၌ သူတို့နှင့်တကွစင်ကြယ်ခြင်းကိုပြုပြီးမှ ၊ ဗိမာန်တော်သို့ဝင်၍ သူတို့အတွက် အသီးအခြား ပူဇော်သက္ကာပြုရသောအချိန်တည်းဟူသော စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ၏။