တမန်တော်ဝတ္ထု 17:24-28 Judson Bible (BJB)

24. လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။

25. ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့် တကွထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။

26. ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ ကိုတသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အားခွဲဝေစီမံသောအချိန် ကာလကို၎င်း၊ သူတို့၏ နေရာအပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏။

27. အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည်အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။

28. ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသတည်း။

တမန်တော်ဝတ္ထု 17