တမန်တော်ဝတ္ထု 17:13-25 Judson Bible (BJB)

13. ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်က ပတ်တရားတော်ကိုဟောပြောသည်ကို၊ သက်သာလောနိတ်မြို့သားဖြစ်သော ယုဒလူတို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော်ကြ၏။

14. ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။

15. ပေါလုကိုပို့သောသူတို့သည် အာသင်မြို့တိုင်အောင် ပို့ဆောင်ပြီးမှ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ ၍ပြန်ကြ၏။

16. ပေါလုသည်အာသင်မြို့၌ သိလနှင့် တိမောသေတို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူပန်ခြင်းသို့ရောက်၏။

17. ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော သူတို့နှင့်၎င်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်၎င်း ဆွေးနွေးနှီးနှောခြင်းကိုပြု၏။

18. ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရသောလူသည် အဘယ်သိုပပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တကျွန်းတနိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏ တရားနှင့်ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။

19. ထိုအခါ၊ ထိုသူတို့သည် ပေါလုကိုခေါ်၍ အာရေတောင်သို့ ဆောင်သွားပြီးလျှင်၊ သင်သည် ဟောပြောသော ဤအယူဝါဒသစ်ကို ငါတို့ သိအပ်သလော။

20. ငါတို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော၏။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည်ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။

21. အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည်များတို့သည် သိတင်းစကားကိုကြားပြောခြင်း၊ နားထောင်ခြင်း အမှုမှတပါး အခြားသော အမှုဖြင့်ကာလကို မလွန်စေတတ်ကြ။

22. ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်း အာသင်လူတို့၊ သင်တို့သည် ခပ်သိမ်းသောအရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။

23. လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှု သည်တွင်၊ ငါတို့မသိသောဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။

24. လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။

25. ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့် တကွထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။

တမန်တော်ဝတ္ထု 17