တမန်တော်ဝတ္ထု 15:11-22 Judson Bible (BJB)

11. သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရု ပြောဆို၏။

12. ထိုအခါဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာ နေ၍နားထောင်ကြ၏။

13. ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။

14. ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြောခဲ့ပြီ။

15. ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏ စကားနှင့် ညီ၏။

16. ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သောတပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည်။

17. လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု။

18. ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကိုသိတော်မူသည်။

19. ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော် သို့ပြောင်းလဲသော သူတို့ကို မနှောင့်ရှက်ဘဲလျက်၊

20. ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင် စေခြင်းငှါ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။

21. အကြောင်းမူကား၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ်၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့်၊ မောရှေ၏ တရားကို ရှေးကာလမှစ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။

22. ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်းသဘောညီညွတ်ကြ၏။

တမန်တော်ဝတ္ထု 15