တမန်တော်ဝတ္ထု 13:40-45 Judson Bible (BJB)

40. အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။

41. အကြောင်းမူကား၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကိုသင်တို့လက်ထက်ကာလ၌ ငါပြုသည်ကျမ်းစာ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြုကြလော့ဟု ပေါလုဟောပြောလေ၏။

42. လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။

43. အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။

44. နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ၏။

45. ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ်နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။

တမန်တော်ဝတ္ထု 13