ဇာ​ခ​ရိ 14:12-21 Judson Bible (BJB)

12. ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ် ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက် လိမ့်မည်။ မျက်အိမ်၌ မျက်လုံးလျော့ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။

13. ထိုနေ့ရက်၌ ထာဝရဘုရား၏ တန်ခိုးတော် ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တယောက်ကိုတယောက် လက်ချင်းရိုက်သော်လည်း၊ တယောက်ကိုတယောက်တိုက်၍ သတ်ကြလိမ့်မည်။

14. ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၏ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက်ရှိကြလိမ့်မည်။

15. မြင်း၊ လား၊ ကုလားအုပ်၊ မြည်းမှစ၍ ရန်သူတပ် တွင်ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသော ဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။

16. ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည်။

17. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့တက် ၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ။

18. အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင်၊ မိုဃ်းမရွာဘဲနေသဖြင့်၊ သကေနေပွဲကို ခံအံ့ သောငှါ တက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။

19. ဤရွေ့ကား၊ သကေနေပွဲကို ခံအံ့သောငှါ တက် ၍ မလာသော အဲဂုတ္တုအမျိုးသား၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း။

20. ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။

21. ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနန်လူမရှိရ။ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။

ဇာ​ခ​ရိ 14