ဆာ​လံ 89:11-23 Judson Bible (BJB)

11. ကောင်းကင်နှင့်မြေကြီးသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာ များကို တည်တော်မူပြီ။

12. မြောက် မျက်နှာနှင့်တောင်မျက်နှာ ကိုလည်းဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန် တောင်သည် နာမတော်ကို အမှီပြု၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။

13. တန်ခိုးရှိသော လက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လက်ျာလက်တော်သည် မြင့်ပါ၏။

14. တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ် ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။

15. အို ထာဝရဘုရား၊ နှိုးဆော်တော် မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။

16. သူတို့သည် မျက်နှာတော်အလင်း၌ သွားလာ ရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရ ကြပါ၏။

17. ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ် တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။

18. ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရား သည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။

19. တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသော သူသည် ကူမမည် အကြောင်းငါခန့် ထားပြီ။ လူစုထဲက ရွေးကောက်သောသူတယောက်ကို ငါချီးမြှောက်ပြီ။

20. ငါ၏ ကျွန် ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသော ဆီနှင့်ဘိသိက်ပေးပြီ။

21. သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။

22. ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသော သူသည် မညှဉ်းဆဲရ။

23. သူ၏ ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။

ဆာ​လံ 89