36. သို့သော်လည်း၊ ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့ ၍၊ လျှာဖြင့်လည်း မုသာစကားကို လျှောက်ဆိုကြ၏။
37. သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌ မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။
38. ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကို မဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော် ကိုနှိုးဆော်တော်မမူ။
39. သူတို့သည် အသားဖြစ်ကြောင်းကို၎င်း၊ စုတေ့၍ နောက်တဖန် မလာတတ်သော ဝိညာဉ်ဖြစ်ကြောင်းကို ၎င်း အောက်မေ့တော်မူ၏။
40. သူတို့သည် ကိုယ်တော်ကို တော၌ပုန်ကန်၍၊ လူဆိတ်ညံရာ အရပ်၌ စိတ်တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။
41. ဘုရားသခင်ကို အဖန်ဖန်စုံစမ်း၍ ဣသရေလ အမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည်တကား။
42. တန်ခိုးတော်ကို၎င်း၊ ဒုက္ခထဲက ကယ်လွှတ်တော် မူသော နေ့ရက်ကာလကို၎င်း မအောက်မေ့ကြ။
43. အဲဂုတ္တုပြည်၌ လက္ခဏာသက်သေတော်တို့ကို၎င်း၊ ဇောနအရပ်၌ အံ့ဘွယ်သော အမှုတို့ကို၎င်း ပြုတော်မူ၏။
44. ထိုပြည်သားတို့သည် ရေမသောက်ရမည် အကြောင်း၊ သူတို့ မြစ်ရေ၊ စမ်းရေများကို သွေးဖြစ် စေတော်မူ၏။
45. သူတို့ကို ကိုက်စားတတ်သောယင်ရဲတို့ကို၎င်း၊ ဖျက်ဆီးတတ်သော ဘားတို့ကို၎င်း စေလွှတ်တော်မူ၏။
46. သူတို့၏ မြေအသီးအနှံကို ခါသိလကျိုင်းတို့အား၎င်း၊ သူတို့လုပ်၍ရသောဥစ္စာကို အရာဘကျိုင်းတို့အား ၎င်း ပေးတော်မူ၏။
47. သူတို့စပျစ်နွယ်ပင်များကို မိုဃ်းသီးဖြင့်၎င်း၊ သူတို့ သဖန်းပင်များကို နှင်းခဲဖြင့်၎င်း ဖျက်ဆီးတော်မူ၏။
48. သူတို့၏ သိုးနွားများကို မိုဃ်းသီး၌၎င်း၊ ပြုစု သော တိရစ္ဆာန်များကို မီး၌၎င်း အပ်တော်မူ၏။
49. အမျက်တော် အရှိန်အားဖြင့်သူတို့၌ ဆိုးသော တမန်တို့ကို စေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောင့်ရှက်ခြင်းအမှုကိုဖြစ်စေတော်မူ၏။
50. အမျက်တော်ဘို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှါ ကာလနာသို့ အပ်နှံသဖြင့်၊
51. အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို၎င်း၊ ဟာမသားတို့နေရာ အရပ်၌ အထွဋ်အမြတ်များကို၎င်း ဒဏ်ခတ်တော်မူ၏။
52. မိမိလူများကိုကား၊ သိုးကဲ့သို့ ထွက်စေ၍၊ တော၌သူတို့ကို သိုးစုကဲ့သို့ ဆောင်တော်မူ၏။
53. ဘေးနှင့်ကင်းလွတ်အောင် ဆောင်တော်မူ သဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။