20. ကြည့်ကြလော့။ ကျောက်ကို ရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်း ပေးနိုင် သလော။ မိမိလူတို့အဘို့ အမဲသားကိုပြင်ဆင်နိုင်သလော ဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။
21. ထိုစကားကို ထာဝရဘုရားသည် ကြား၍ အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌ မီးလောင်၍၊ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။
22-25. အကြောင်းမူကား၊ အထက်မိုဃ်းတမ်တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ကို ဖွင့်၍၊ သူတို့ စားစရာဘို့ မန္နကို မိုဃ်းရွာစေသဖြင့်၊ ကောင်းကင် ဆန် စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် ကြီးမြတ်သော သူတို့၏ အစာကိုသုံးဆောင်၍၊ ဝပြောစွာ စားကြမည် အကြောင်းပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကို မကိုးစားဘဲ နေကြ၏။
26. မိုဃ်းကောင်းကင်၌ အရှေ့လေကို ပယ်၍၊ အားကြီးသောတောင် လေကို ဆောင်ခဲ့သဖြင့်၊
27. သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှ ပျံတက်သောငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ မိုဃ်းရွာ စေလျက်၊
28. သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေ တော်မူ၏။
29. ထိုသို့ သူတို့ အလိုရှိသည်အတိုင်း ပေးတော် မူသဖြင့်၊ သူတို့သည် ဝပြောစွာ စားရကြ၏။
30. သူတို့ တပ်မက်သောအစာကိုမရောင့်ရဲမှီ စားကြစဉ်တွင်၊
31. ဘုရားသခင်၏အမျက်တော်သည် သက်ရောက် သဖြင့်၊ ကျန်းမာသောသူတို့ကို ကွပ်မျက်၍၊ ဣသရေလ လူပျိုတို့ကို လှဲချတော်မူ၏။
32. ထိုအမှုအလုံးစုံတို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ။ ပြစ်မှားလျက် နေကြသေး၏။