ဆာ​လံ 68:25-35 Judson Bible (BJB)

25. ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏။

26. ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့။

27. အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။

28. အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။

29. ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။

30. ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။

31. အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော။

32. မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။

33. အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏။

34. ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက်၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း။

35. အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

ဆာ​လံ 68