ဆာ​လံ 68:16-28 Judson Bible (BJB)

16. သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။

17. ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။

18. ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။

19. ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။

20. ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏။

21. ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကို၎င်း ဧကန်အမှန် နှိပ်စက်တော်မူမည်။

22. သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။

23. ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

24. အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။

25. ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏။

26. ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့။

27. အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။

28. အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။

ဆာ​လံ 68