1. ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။
2. မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။
3. ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။
4. ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။
5. ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။
6. ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
7. အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာ ကြွ၍၊ တော၌ ချီတော်မူသောအခါ၊
8. ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီး လှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။
9. အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။
10. ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
11. ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။
12. စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။
13. သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။
14. အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ၏။