ဆာ​လံ 31:6-21 Judson Bible (BJB)

6. မုသာအနတ္တကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။

7. ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်၏ ဝိညာဉ်တွေ့သောအမှုကို သိမှတ် တော်မူ၏။

8. အကျွန်ုပ်ကို ရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်း သောအရပ်၌ နေရာချတော်မူ၏။

9. အိုထာဝရဘုရား၊ အကျွန်ုပ်၌ အမှုရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ ပူပန်ခြင်း အားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ။

10. အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍၊ အသက်ကာလ ကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။

11. အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့ သည် ရှောင်၍ ပြေးကြပါ၏။

12. မအောက်မေ့သော အသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ် ဖြစ်ပါ၏။

13. လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ် ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဘွယ်သောအကြောင်း ရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ ၏။

14. သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။

15. အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။

16. မျက်နှာတော်၏ အလင်းကိုကိုယ်တော်၏ ကျွန် အပေါ်၌ ထွန်းလင်းစေတော်မူပါ။ ကရုဏာတော်ကြောင့်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။

17. အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းမရှိ ပါစေနှင့်။ လူဆိုးတို့မူကား၊ အရှက်ကွဲလျက်မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာနေကြပါစေသော။

18. မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ၊ ဖြောင့်မတ်သောသူတဘက်၌ စော်ကားသော စကားကိုပြော၍၊ မုသာ၌ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေ။

19. ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံ သော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော် သည် အလွန်ကြီးလှပါ၏။

20. လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားသော်မူ၏။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက်၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ၏။

21. ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံသောမြို့၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။

ဆာ​လံ 31