ဆာ​လံ 119:108-121 Judson Bible (BJB)

108. အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။

109. အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိ ပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။

110. မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ၍ မသွားပါ။

111. သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ်၍၊ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲ ခံယူ ပါ၏။

112. အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။

113. အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။

114. ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။

115. ဒုစရိုက်ကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင် မည်။

116. အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ။ အကျွန်ုပ် မြော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့်။

117. အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည်။

118. အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ ကို ပယ်တော်မူ၏။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ၏။

119. မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့ သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။

120. ကိုယ်တော်ကို ထိတ်လန့်သဖြင့်၊ အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှာ ကြောက် ပါ၏။

121. အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြုပါပြီ။ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။

ဆာ​လံ 119