17. ငါဆိုသည်ကား၊ ခရစ်တော်ကိုရည်မှတ်၍ ဘုရားသခင်တည် စေတော်မူနှင့်သောပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည်မပယ်နိုင်။ ဂတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။
18. ထိုမှတပါး၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ဂတိတော်နှင်မစပ်ဆိုင်။ ဘုရားသခင်သည် ဂတိတော်အားဖြင့် အာဗြဟံအား ထိုအမွေတော်ကို သနားတော်မူ၏။
19. သို့ဖြစ်၍ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကိုခံသော အမျိုးအနွယ်မဖြစ်မှီ တိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကိုကောင်းကင်တမန်များအား ဖြင့်အာမခံ၏ လက်၌ထားတော်မူ၏။
20. အာမခံမည်သည်ကား၊ တဘက်နှင့်သာ ဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တဘက်ဖြစ်တော်မူ၏။
21. သို့ဖြစ်၍ ပညတ်တရားသည် ဘုရားသခင်၏ ဂတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ ထိုသို့ မဖြစ်နိုင်ရာ။ အသက်ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည်မှန်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကိုရလိမ့်မည်။
22. ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဂတိတော်ကို ရမည်အကြောင်း ကျမ်းစာသည်လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။
23. ယုံကြည်ခြင်းတရားမရောက်မှီ ပညတ်တရားသည်စောင့်နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှားလတံ့သော ယုံကြည်ခြင်းတရားကိုမြော်လင့်၍ ချုပ်ထားလျက်ရှိကြ၏။
24. ထိုကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။
25. ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ၏။
26. အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။
27. ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။
28. ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။
29. ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏။