9. သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့်၎င်း၊
10. သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲကထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်၎င်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။
11. သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသောသတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။
12. ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေးအစဉ်အဆက်မပြတ်၊ ငါပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဟူမူကား၊
13. ငါ၏သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
14. ငါသည် မိုဃ်းကိုအုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။
15. ထိုအခါငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင်သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တဘက်၌ရှိသော၊ ငါ၏ပဋိညာဉ်ကို ငါအောက်မေ့သဖြင့် ခပ်သိမ်းသော သတ္တဝါတို့ကို ဖျက်ဆီးခြင်းငှါ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။
16. မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သောသတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။
17. ဤသည်ကား ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏စပ်ကြားမှာ၊ ငါအမြဲဖွဲ့သော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု၊ နောဧကို ဘုရားသခင်မိန့်တော်မူ၏။
18. သင်္ဘောထဲကထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမသည် ခါနာန်၏အဘဖြစ်၏။
19. ဤသူတို့သည် နောဧ၏သားသုံးယောက်ဖြစ်၍ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏။
20. နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။
21. စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိတဲ၌ အဝတ်မခြုံဘဲနေလေ၏။
22. ခါနာန်၏ အဘဟာမသည်၊ မိမိအဘ၌အဝတ်အချည်းစည်းရှိသည်ကိုမြင်လျှင် ပြင်မှာရှိသော အစ်ကိုနှစ်ယောက်ကို ပြောလေ၏။