1. ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန်မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။
2. မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ်စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊
3. မိုဃ်းကောင်းကင်ငှက်၊ တမျိုးတမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။
4. အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်းရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရားမှာထားတော်မူ၏။
5. မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။
6. မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။
7. ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍
8. ဘုရားသခင်မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်များအထဲက၊
9. အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
10. ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ ပေါ်လာ၏။
11. နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်၀များကို ဖွင့်သဖြင့်၊
12. အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။
13. ထိုနေ့ရက်တွင်၊ နောဧနှင် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။
14. သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သော ကြက်ငှက်မျိုး၊
15. အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးအပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။
16. ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်း ဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသောတိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း၊ နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။
17. ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။
18. တဖန်ရေသည်အားကြီး၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။