12. ယာကုပ်သားတို့သည်၊ အဘမှာထားသည်အတိုင်း ပြုကြ၏။
13. ခါနာန်ပြည်သို့ဆောင်သွား၍၊ အာဗြဟံသည်ကိုယ်ပိုင်သောသင်္ချၖိုင်းဘို့၊ ဟိတ္တိအမျိုးသားဧဖရုန်၌ဝယ်သော မံရေမြို့ရှေ့၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း၌သင်္ဂြိုဟ်ကြ၏။
14. ယောသပ်သည်အဘကိုသင်္ဂြိုဟ်ပြီးလျှင်၊ အစ်ကိုများမှစ၍ မသာလိုက်လာသောသူအပေါင်းတို့နှင့်တကွ၊ အဲဂုတ္တုပြည်သို့ပြန်လေ၏။
15. ယောသပ်အစ်ကိုတို့သည် အဘသေသည်ကိုသိမြင်လျှင်၊ ငါတို့ကို ယောသပ်သည် အငြိုးထားကောင်းထားလိမ့်မည်။ ငါတို့သည် အထက်ကသူ့ကိုညှဉ်းဆဲသောကြောင့်၊ ငါတို့အားဧကန်အမှန်ပြန်၍ ညှဉ်းဆဲလိမ့်မည်ဟုစိုးရိမ်လျက်၊
16. သူ့ထံသို့တမန်ကိုစေလွှတ်၍၊ ကိုယ်တော်အစ်ကိုတို့သည် မကောင်းသောအမှုကို ကိုယ်တော်အားပြုမိ၍၊
17. ကိုယ်တော်ကိုပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြားလျှောက်ရမည်အကြောင်း၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍၊ ယခုတွင်ခမည်းတော်၏ဘုရားသခင်ကျွန်တို့၏ အပြစ်ကိုလွှတ်တော်မူပါဟု လျှောက်ကြ၏။ ထိုသို့လျှောက်ကြသောအခါ၊ ယောသပ်သည်မျက်ရည်ကျလေ၏။
18. အစ်ကိုတို့သည်လည်းဝင်၍ ယောသပ်ရှေ့မှာပြပ်ဝပ်လျက်၊ ကျွန်တော်တို့သည် ကိုယ်တော်၏ကျွန်ဖြစ်ကြပါသည်ဟု လျှောက်ကြ၏။
19. ယောသပ်ကလည်း၊ မစိုးရိမ်ကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင်ကိုယ်စားဖြစ်သလော။
20. သင်တို့သည် ကျွန်ုပ်ကိုညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများအသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည်ကြံတော်မူ၏။