1. ထိုအခါယောသပ်သည် အဘ၏မျက်နှာပေါ်မှာငုံ့၍၊ ငိုလျက်နမ်းလျက်နေ၏။
2. အဘ၏အလောင်းကို နံ့သာမျိုးနှင့်ပြင်ဆင်စေခြင်းငှါ၊ မိမိကျွန်ဆေးသမားတို့ကို အမိန့်ရှိ၍၊ သူတို့သည်နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
3. နံ့သာမျိုးနှင့်ပြင်ဆင်သောအလောင်းကို၊ ထုံးစံရှိသည်အတိုင်းထား၍၊ အရက်လေးဆယ်လွန်လျှင်၊ အဲဂုတ္တုလူတို့သည်ယာကုပ်ကြောင့်၊ အရက်ခုနစ်ဆယ် ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။
4. ငိုကြွေးမြည်တမ်းသောနေ့ရက်လွန်သောအခါ၊ ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ်၍၊ သင်တို့သည်ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင်၊ ဖာရောဘုရင် ထံတော်သို့သွား၍၊
5. ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချၖိုင်းတွင်း၌၊ ငါ့ကိုသင်္ဂြိုဟ်ရမည်ဟူ၍ ကျွန်တော်ကိုကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကိုသင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည်အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော်လျှောက်ကြပါလော့ဟုဆို၏။
6. ဖာရောမင်းကလည်း၊ သင်၏အဘကျိန်ဆိုစေသည်အတိုင်းသွား၍၊ သင်္ဂြိုဟ်လော့ဟုမိန့်တော်မူ၏။
7. ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှါထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော်အရာရှိ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့်၊
8. ယောသပ်အိမ်သား၊ အစ်ကိုတို့အိမ်သား၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ၏။ သူငယ်တို့နှင့်သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။
9. ထိုသို့လျှင်ရထားများ၊ မြင်းစီးသူရဲများတည်းဟူသော အလွန်များစွာသော အလုံးအရင်းတို့သည် ယောသပ်နှင့်တကွလိုက်သွားကြ၏။
10. ယော်ဒန်မြစ်နားမှာ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ၊ အလွန်ကြီးစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
11. ထိုသို့အာတဒ်ကောက်နယ်တလင်း၌ပြုသော ငိုကြွေးမြည်တမ်းခြင်းကို၊ ထိုပြည်သားခါနာန်လူတို့သည်မြင်လျှင်၊ အဲဂုတ္တုလူတို့သည် ပြင်းစွာငိုကြွေးမြည်တမ်း ပါသည်တကားဟုဆိုကြ၏။ ထိုကြောင့် ယော်ဒန်မြစ်နားမှာရှိသောထိုအရပ်ကို၊ အဗေလမိဇရိမ်ဟူ၍သမုတ်ကြသတည်း။
12. ယာကုပ်သားတို့သည်၊ အဘမှာထားသည်အတိုင်း ပြုကြ၏။
13. ခါနာန်ပြည်သို့ဆောင်သွား၍၊ အာဗြဟံသည်ကိုယ်ပိုင်သောသင်္ချၖိုင်းဘို့၊ ဟိတ္တိအမျိုးသားဧဖရုန်၌ဝယ်သော မံရေမြို့ရှေ့၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း၌သင်္ဂြိုဟ်ကြ၏။
14. ယောသပ်သည်အဘကိုသင်္ဂြိုဟ်ပြီးလျှင်၊ အစ်ကိုများမှစ၍ မသာလိုက်လာသောသူအပေါင်းတို့နှင့်တကွ၊ အဲဂုတ္တုပြည်သို့ပြန်လေ၏။
15. ယောသပ်အစ်ကိုတို့သည် အဘသေသည်ကိုသိမြင်လျှင်၊ ငါတို့ကို ယောသပ်သည် အငြိုးထားကောင်းထားလိမ့်မည်။ ငါတို့သည် အထက်ကသူ့ကိုညှဉ်းဆဲသောကြောင့်၊ ငါတို့အားဧကန်အမှန်ပြန်၍ ညှဉ်းဆဲလိမ့်မည်ဟုစိုးရိမ်လျက်၊