13. ဇာဗုလုန်သည် ကမ်းနားမှာနေ၍၊ သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
14. ဣသခါသည်တောင်ကြားမှာဝပ်လျက် အားကြီးသောမြည်းဖြစ်၏။
15. ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကိုမြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကိုတင်ထမ်း၍၊ အခွန်ပေးသောကျွန်ဖြစ်လေ၏။
16. ဒန်သည် ဣသရေလအနွယ်တစုံတပါးကဲ့သို့၊ မိမိလူတို့ကိုစီရင်လိမ့်မည်။
17. ဒန်သည် လမ်း၌နေသောမြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာနေ၍၊ မြင်းခြေကိုကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။
18. အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ။
19. ဂဒ်မူကား၊ စစ်သူရဲတို့သည် သူ့ကိုတိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။
20. အာရှာ၌ဖြစ်သောအစာသည် အရသာနှင့်ပြည့်စုံ၍၊ မင်း၏ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့်မည်။
21. နဿလိသည်လှသောအခက်အလက်နှင့်ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
22. ယောသပ်သည်သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သောပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာကျော်သွားကြ၏။
23. လေးသမားတို့သည် သူ့ကိုအငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။
24. သို့သော်လည်း သူ၏လေးသည်အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်၎င်း၊
25. သင့်ကိုမစတော်မူသော သင့်အဘ၏ဘုရားသခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင်၏မင်္ဂလာ၊ အောက်နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကိုကောင်းကြီးပေးတော်မူပါစေသော။
26. သင်၏အဘပေးသောကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
27. ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သောတောခွေးဖြစ်လိမ့်မည်။ ဘမ်းရသောအရာကို နံနက်အချိန်၌ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ဝေဖန်လိမ့်မည်ဟု မြွက်ဆို၏။
28. ဤသူတို့ကား၊ ဣသရေလအမျိုးဆယ်နှစ်မျိုးဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့အသီးသီးခံရသောမင်္ဂလာရှိသည်အတိုင်း၊ ကောင်းကြီး ပေးသောစကားပေတည်း။
29. တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရုန်၏လယ်ပြင်တွင်ရှိသောမြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြပါ။
30. ခါနာန်ပြည်မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချၖိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။
31. ထိုမြေတွင်း၌ အာဗြဟံနှင့်မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်းသင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်းငါသင်္ဂြိုဟ်ပြီ။
32. ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသအမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား၏။
33. ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင်မှာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်းသဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။