1. ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကိုခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလအခါ၊ သင်တို့၌ ဖြစ်လတံ့သောအမှုအရာများကို ငါဟောပြောမည်။
2. ယာကုပ်၏သားတို့၊ စည်းဝေး၍ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။
3. အိုရုဗင်၊ သင်သည် ငါ့သားဦး၊ငါ့အစွမ်းသတ္တိ၊ ငါခွန်အားအစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုးအထွဋ်ဖြစ်၏။
4. သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘောရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ရာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။
5. ရှိမောင်နှင့် လေဝိသည်ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကိုကြံသည်အတိုင်း ပြီးစီးကြပြီ။
6. ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်းအမှုထဲသို့မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့်အသင်းမဖွဲ့ရ။ သူတို့သည်အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍မြို့ကိုဖြိုဖျက်ကြပြီ။
7. သူတို့ပြင်းစွာထွက်သောအမျက်၊ ကြမ်းတမ်းစွာသောဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
8. အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။
9. ယုဒသည် ခြင်္သေ့ပျိုဖြစ်၏။ ငါ့သား၊ သင်သည်ဘမ်းယူကိုက်စားရာမှ တက်လာတက်၏။ ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း ဝပ်တွားတတ်၏။ အဘယ်သူနှိုးဆော်ဝံ့မည်နည်း။
10. ရှိလောမရောက်မှီတိုင်အောင်၊ ရာဇလှံတံသည်ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှ၎င်းမရွေ့ရ။ ရှိလော၌လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
11. မိမိမြည်းကိုစပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကိုအမြတ်ဆုံးသော စပျစ်နွယ်ပင်၌၎င်းချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသောစပျစ်ရည်ဖြင့် လျှော်လိမ့်မည်။
12. သူ၏မျက်စိသည် စပျစ်ရည်နှင့်နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။
13. ဇာဗုလုန်သည် ကမ်းနားမှာနေ၍၊ သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
14. ဣသခါသည်တောင်ကြားမှာဝပ်လျက် အားကြီးသောမြည်းဖြစ်၏။
15. ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကိုမြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကိုတင်ထမ်း၍၊ အခွန်ပေးသောကျွန်ဖြစ်လေ၏။