ကမ္ဘာ​ဦး 47:15-27 Judson Bible (BJB)

15. အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ စားစရာဘို့ ပေးသနားတော်မူပါ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့်သေရပါအံ့နည်းဟု လျှောက်ကြသော်၊

16. ယောသပ်က၊ ငွေကုန်လျှင် တိရစ္ဆာန်များကိုပေးကြ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည်အတိုင်း၊

17. သူတို့သည်တိရစ္ဆာန်တို့ကိုယူခဲ့၍၊ ယောသပ်သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက်စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကို ကျွေးမွေး၏။

18. ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာကြလျှင်၊ ကျွန်တော်တို့ငွေကုန်ကြောင်းကို သခင်ရှေ့မှာ မထိမ်ဝှက်ပါ။ ကျွန်တော်တို့တိရစ္ဆာန်များကိုလည်း သခင် ရပါပြီ။ သခင်ရှေ့မှာကျွန်တော်တို့ကိုယ်နှင့် မြေမှတပါး အဘယ်အရာမျှ မကျန်ပါ။

19. ရှေ့တော်၌အဘယ်ကြောင့်သေ၍ ပြည်တော်ပျက်ရပါအံ့နည်း။ အစာကိုပေး၍ ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကိုဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့်တကွ ဖာရောဘုရင်၏ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှါ၎င်း၊ ပြည်တော်သည်လူမဆိတ်ညံစေခြင်းငှါ၎င်း၊ မျိုးစေ့ကိုပေးပါဟု လျှောက်ကြသော်၊

20. ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖာရောမင်းဘို့ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည်မတတ်နိုင်သောကြောင့်၊ အသီးအသီးပိုင်သော မြေအကွက်တို့ကိုရောင်းကြသဖြင့် မြေသည်ဘဏ္ဍာတော်ဖြစ်လေ၏။

21. လူတို့ကိုကား၊ အဲဂုတ္တုပြည်တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။

22. ယဇ်ပုရောဟိတ်တို့ပိုင်သောမြေကိုကားမဝယ်။ သူတို့သည် ဖာရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေးသောအစာကိုစားရကြ၏။ ထိုကြောင့် မိမိတို့မြေကိုမရောင်းရကြ။

23. ယောသပ်ကလည်း၊ သင်တို့နှင့်သင်တို့မြေကို ဖာရောမင်းဘို့ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကိုယူ၍ လယ်လုပ်ကြလော့။

24. အသီးအနှံကိုရသောအခါ၊ ငါးဘို့တွင်တဘို့ကို ဖာရောမင်းအားဆက်ရကြမည်။ လေးဘို့ကိုကား သင်တို့ယူ၍ နောက်တဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကိုကျွေးကြလော့ဟု ပြည်သားတို့အားဆို၏။

25. သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကိုကယ်ပါပြီ။ သနားသောစိတ်နှင့်ကြည့်ရှုတော်မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည်ဟု လျှောက်ကြ၏။

26. ထိုကြောင့် ဖာရောမင်းမပိုင်သော ယဇ်ပုရောဟိတ်တို့မြေကိုထား၍၊ ဖာရောမင်းသည် ငါးဘို့တွင်တဘို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သောဓမ္မသတ်ကို ယောသပ်စီရင်၍ထားသတည်း။

27. ဣသရေလသားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင်အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွါးများပြားကြ၏။

ကမ္ဘာ​ဦး 47