1. ထိုစကားအတိုင်း ယောသပ်သည်ဖာရောမင်းထံသို့သွား၍၊ ကျွန်တော်အဘနှင့် အစ်ကိုတို့သည် သိုးနွား၊ ဥစ္စရှိသမျှကိုဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟုလျှောက်သဖြင့်၊
2. အစ်ကိုစုထဲကရွေး၍ ငါးယောက်တို့ကို အထံတော်သို့သွင်းလေ၏။
3. ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်းဖြစ်ကြပါ၏ဟူ၍၎င်း၊
4. ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွားကျက်စားရာမရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌တည်းခိုခြင်းငှါ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌နေရမည်အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက်ကြ၏။
5. ဖာရောမင်းကလည်း၊ သင်၏အဘနှင့်အစ်ကိုတို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊
6. အဲဂုတ္တပြည်သည် သင့်ရှေ့မှာရှိ၏။ သင်၏အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကိုတွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။
7. ယောသပ်သည် အဘယာကုပ်ကိုသွင်း၍ ဖာရောမင်းရှေ့မှာထားသဖြင့်၊ ယာကုပ်သည် ဖာရောမင်းကိုကောင်းကြီးပေး၏။
8. ဖာရောမင်းက၊ သင်သည် အသက်အဘယ်မျှလောက်ရှိပြီနည်းဟု ယာကုပ်အား မေးလျှင်၊
9. ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သောနှစ်ပေါင်းနည်း၍ ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏အသက်တန်းကို မမှီပါဟု လျှောက်ဆိုပြီးလျှင်၊
10. ဖာရောမင်းကိုကောင်းကြီးပေး၍ အထံတော်ကထွက်သွားလေ၏။
11. ဖာရောမင်းအမိန့်တော်ရှိသည့်အတိုင်း၊ ယောသပ်သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။
12. အဘနှင့် အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှတို့ကို အနည်းအများအလိုက် ကျွေးမွေး၏။