ကမ္ဘာ​ဦး 45:5-19 Judson Bible (BJB)

5. သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှါ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။

6. မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။

7. ဘုရားသခင်သည် သင်တို့ကိုမြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ၎င်း၊ ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ၎င်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။

8. သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင်စေလွှတ်တော်မူသတည်း။ ကျွန်ုပ်ကိုဖာရောဘုရင်၏အဘအရာ၌၎င်း၊ နန်းတော်အုပ်အရာ၌၎င်း၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုးသောသခင်အရာ၌၎င်း ခန့်ထားတော်မူပြီ။

9. အလျင်အမြန်ထ၍ အဘထံသို့ သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။

10. အဘသည် ဂေါရှင်အရပ်၌နေရမည်။ ကျွန်ုပ်အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။

11. ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှတို့သည် ဆင်းရဲခြင်းသို့ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့။

12. ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့်နှုတ်ဆက်သည်ကို၊ သင်တို့မျက်စိ၊ ကျွန်ုပ်ညီဗင်္ယာမိန်မျက်စိ အမြင်သားဖြစ်၏။

13. အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်းမှစ၍ သင်မြင်သမျှတို့ကို အဘအားပြောရမည်။ အလျင်အမြန်ပြု၍ အဘကို ဤပြည်သို့ဆောင်ခဲ့ရမည်ဟု ဆိုပြီးလျှင်၊

14. ညီဗင်္ယာမိန်လည်ပင်းကိုဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ငိုလေ၏။

15. တဖန် အစ်ကိုရှိသမျှတို့ကိုနမ်း၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။

16. ယောသပ်အစ်ကိုတို့သည်ရောက်လာကြပြီဟု နန်းတော်၌သိတင်းကြား၍၊ ဖာရောဘုရင်အစရှိသော ကျွန်တော်မျိုးတို့သည်နှစ်သက်ကြ၏။

17. ဖာရောဘုရင်သည်လည်းယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့အား အဘယ်သို့ပြောရမည်နည်းဟူမူကား၊ သင်တို့သည် ဤသို့ပြုကြလော့။ မြည်းတို့ကို ဝန်တင်၍ ခါနာန်ပြည်သို့ပြန်သွားသဖြင့်၊

18. သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ၍ ကျွန်ုပ်ထံသို့လာကြလော့။ အဲဂုတ္တုပြည်၏စည်းစိမ်ကိုငါပေး၍၊ သင်တို့သည် မြေဩဇာကိုသာစားရကြလိမ့်မည်။

19. အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့။ သင်တို့မိန်းမများ၊ သူငယ်များဘို့၊ အဲဂုတ္တုပြည်ထဲကလှည်းတို့ကိုယူပြီးလျှင် အဘကိုဆောင်၍လာခဲ့ကြလော့။

ကမ္ဘာ​ဦး 45