1. ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူအပေါင်းတို့ရှေ့တွင်၊ ဣန္ဒြေကို မချုပ်တည်းနိုင်သောကြောင့်၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟုဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြားသောသူတယောက်မျှ မရှိရ။
2. သူသည်လည်း ကျယ်သောအသံနှင့်ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင်ကြားကြ၏။
3. အစ်ကိုတို့အားလည်း၊ ကျွန်ုပ်သည်ယောသပ်ဖြစ်၏။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို၏။ အစ်ကိုတို့သည်စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ၏။
4. ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါးသို့ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည်သို့ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။
5. သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှါ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။
6. မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။
7. ဘုရားသခင်သည် သင်တို့ကိုမြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ၎င်း၊ ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ၎င်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။
8. သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင်စေလွှတ်တော်မူသတည်း။ ကျွန်ုပ်ကိုဖာရောဘုရင်၏အဘအရာ၌၎င်း၊ နန်းတော်အုပ်အရာ၌၎င်း၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုးသောသခင်အရာ၌၎င်း ခန့်ထားတော်မူပြီ။
9. အလျင်အမြန်ထ၍ အဘထံသို့ သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။
10. အဘသည် ဂေါရှင်အရပ်၌နေရမည်။ ကျွန်ုပ်အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။
11. ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှတို့သည် ဆင်းရဲခြင်းသို့ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့။
12. ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့်နှုတ်ဆက်သည်ကို၊ သင်တို့မျက်စိ၊ ကျွန်ုပ်ညီဗင်္ယာမိန်မျက်စိ အမြင်သားဖြစ်၏။
13. အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်းမှစ၍ သင်မြင်သမျှတို့ကို အဘအားပြောရမည်။ အလျင်အမြန်ပြု၍ အဘကို ဤပြည်သို့ဆောင်ခဲ့ရမည်ဟု ဆိုပြီးလျှင်၊
14. ညီဗင်္ယာမိန်လည်ပင်းကိုဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ငိုလေ၏။
15. တဖန် အစ်ကိုရှိသမျှတို့ကိုနမ်း၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။
16. ယောသပ်အစ်ကိုတို့သည်ရောက်လာကြပြီဟု နန်းတော်၌သိတင်းကြား၍၊ ဖာရောဘုရင်အစရှိသော ကျွန်တော်မျိုးတို့သည်နှစ်သက်ကြ၏။