ကမ္ဘာ​ဦး 43:23-34 Judson Bible (BJB)

23. ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့၏အဘဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကိုငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက်လေ၏။

24. ယောသပ်အိမ်သို့သွင်းပြီးမှ၊ ဝန်စာရေးသည် ရေကိုပေး၍ခြေဆေးစေ၏။ မြည်းတို့ကိုလည်းကျွေးလေ၏။

25. မွန်းတည့်ချိန်၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည်မြော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့ သည် ကြားလေသတည်း။

26. ယောသပ်သည်အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသော လက်ဆောင်ကို အိမ်ထဲယောသပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။

27. ယောသပ်သည်နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘတည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူသည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟုမေးလျှင်၊

28. သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘသည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟုလျှောက်လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ၏။

29. ထိုအခါ ယောသပ်သည်မြော်ကြည့်၍ မိမိအမိ၏သား၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟုမေးလျက်၊ သင့်ကို ဘုရားသခင်ကယ်မသနားတော်မူပါ စေသောငါ့သားဟု ဆိုပြီးမှ၊

30. ညီရင်းကိုမြင်ရ၍ ကြင်နာသောစိတ်ရှိသောကြောင့် အလျင်အမြန်ထသွားလေ၏။ ငိုရာအရပ်ကိုရှာသဖြင့်၊ အိပ်ခန်းထဲသို့ဝင်၍ ငိုလေ၏။

31. တဖန်မျက်နှာကိုသစ်၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင်၊ စားပွဲကို ပြင်ကြဟု အမိန့်ရှိ၏။

32. ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ ဘို့တပွဲ အသီးအသီးတို့ကိုပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကိုအဲဂုတ္တုလူတို့သည် ရွံတတ်ကြ၏။

33. ညီအစ်ကိုတို့သည် အကြီးမှစ၍အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။

34. ယောသပ်သည်လည်း သူတို့စားရန်အဘို့ အသီးအသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာန်မိန်ရသောအဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း။ သူတို့သည်သောက်၍ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။

ကမ္ဘာ​ဦး 43