ကမ္ဘာ​ဦး 43:10-23 Judson Bible (BJB)

10. ဤမျှလောက်မဖင့်နွှဲ့လျှင်၊ အကယ်၍ ဒုတိယအကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။

11. အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏အသီးမျိုး အကောင်းဆုံးတည်းဟူသော ဗလစံစေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုယူကြလော့။

12. သင်တို့လက်၌ ငွေနှစ်ဆကိုလည်းယူကြလော့။ အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက်၌ ဆောင်သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှုဖြစ်ဟန်ရှိ၏။

13. သင်တို့ညီကိုလည်းယူ၍ တဖန်ထိုသူထံသို့ ထသွားကြလော့။

14. ထိုသူသည် သင်တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အားဆိုသည်အတိုင်း၊

15. သူတို့သည် ထိုလက်ဆောင်ကို၎င်း၊ မိမိလက်၌ ငွေနှစ်ဆကို၎င်း၊ ဗင်္ယာမိန်ကို၎င်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။

16. သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကိုအိမ်သို့ခေါ်သွားလော့။ အကောင်များကို သတ်၍ စားစရာကို ပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူမွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည်အတိုင်း၊

17. ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ခေါ်သွား၏။

18. ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့သည် ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြုသဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကိုသိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊

19. ယောသပ်၏ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာနှုတ်ဆက်လျက်၊

20. သခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကိုဝယ်ခြင်းငှါ အမှန်လာပါ၏။

21. စားခန်းသို့ရောက်၍ အိတ်များကိုဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝတွင် ရှိပါ၏။ ထိုငွေကို တဖန်ဆောင်ခဲ့ကြပါပြီ။

22. ယခုလည်းအစာကိုဝယ်ခြင်းငှါ အခြားသောငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟု ဆိုကြသော်၊

23. ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့၏အဘဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကိုငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက်လေ၏။

ကမ္ဘာ​ဦး 43