1. ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည်ဖြစ်၍၊
2. အဲဂုတ္တုပြည်မှဆောင်ခဲ့သောစပါးကို စားကုန်ပြီးမှ၊ အဘက၊ တဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။
3. ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကိုကျပ်ကျပ်ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီ။
4. ကျွန်ုပ်တို့ညီကိုထည့်လျှင်သွား၍ အဘစားဘို့ရာ ဝယ်ပါမည်။
5. ညီကိုမထည့်လျှင် မသွားပါ၊ အကြောင်းမူကား၊ ထိုသူကသင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ၏။
6. ဣသရေလကလည်း၊ သင်တို့၌ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲကြသနည်းဟုဆိုသော်၊
7. သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာအမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘအသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသောအခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကိုဆောင်ခဲ့ကြဟု သူပြောမည်ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။
8. ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူလွှတ်ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ထ၍ သွားကြပါမည်။
9. ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ်တွင် သူ့ကို တောင်းပါ။ သူ့ကိုပြန်၍မဆောင် အဘရှေ့မှာမထားလျှင်၊ အစဉ်မပြတ် အပြစ်ကိုခံပါစေ။
10. ဤမျှလောက်မဖင့်နွှဲ့လျှင်၊ အကယ်၍ ဒုတိယအကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။
11. အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏အသီးမျိုး အကောင်းဆုံးတည်းဟူသော ဗလစံစေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုယူကြလော့။
12. သင်တို့လက်၌ ငွေနှစ်ဆကိုလည်းယူကြလော့။ အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက်၌ ဆောင်သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှုဖြစ်ဟန်ရှိ၏။
13. သင်တို့ညီကိုလည်းယူ၍ တဖန်ထိုသူထံသို့ ထသွားကြလော့။
14. ထိုသူသည် သင်တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အားဆိုသည်အတိုင်း၊
15. သူတို့သည် ထိုလက်ဆောင်ကို၎င်း၊ မိမိလက်၌ ငွေနှစ်ဆကို၎င်း၊ ဗင်္ယာမိန်ကို၎င်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။