ကမ္ဘာ​ဦး 42:9-29 Judson Bible (BJB)

9. ယောသပ်သည်သူတို့အကြောင်းနှင့် မြင်ရသောအိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည်သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှါ လာကြပြီဟုဆိုလျှင်၊

10. သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့သည် အစာကို ဝယ်ခြင်းငှါသာလာကြပါ၏။

11. ကျွန်တော်တို့သည် တယောက်တည်းသောသူ၏သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။

12. ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟုဆိုပြန်၏။

13. သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကိုတကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊

14. ယောသပ်က၊ သင်တို့သည်သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊

15. သင်တို့ကို အဘယ်သို့စုံစမ်းရမည်နည်းဟူမူကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖာရောဘုရင်အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။

16. သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကိုစေလွှတ်၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာချထားမည်။ သို့မဟုတ် ဖာရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည်သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊

17. အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။

18. သုံးရက်မြောက်သောနေ့၌ ယောသပ်သည်သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှါ ပြုရသောအမှုဟူမူကား၊

19. သင်တို့သည်ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကားသွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍သွားကြလော့။

20. အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။

21. ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။

22. ရုဗင်ကလည်း၊ သူငယ်ကိုမပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ်လော။ သင်တို့သည် နားမထောင်ဘဲနေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။

23. ထိုသို့ မိမိတို့ပြောဆိုကြသောစကားကို ယောသပ်နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း။

24. ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ငိုလေ၏။ တဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။

25. ထိုနောက်သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်းစီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။

26. သူတို့သည်လည်းမြည်းများအပေါ်၌ စပါးကိုတင်၍ ထွက်သွားကြ၏။

27. စားခန်းသို့ရောက်သောအခါ၊ တယောက်သောသူသည် မြည်းကို အစာကျွေးခြင်းငှါမိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။

28. ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကိုပြန်ထားပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည်စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ဘုရားသခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ်ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။

29. ခါနာန်ပြည်အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊

ကမ္ဘာ​ဦး 42