ကမ္ဘာ​ဦး 42:6-13 Judson Bible (BJB)

6. ယောသပ်သည်နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။

7. ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာပြောလျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟုမေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်ကလာကြပါသည်ဟု လျှောက်ကြ၏။

8. ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကိုမသိကြ။

9. ယောသပ်သည်သူတို့အကြောင်းနှင့် မြင်ရသောအိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည်သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှါ လာကြပြီဟုဆိုလျှင်၊

10. သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့သည် အစာကို ဝယ်ခြင်းငှါသာလာကြပါ၏။

11. ကျွန်တော်တို့သည် တယောက်တည်းသောသူ၏သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။

12. ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟုဆိုပြန်၏။

13. သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကိုတကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊

ကမ္ဘာ​ဦး 42