23. ထိုသို့ မိမိတို့ပြောဆိုကြသောစကားကို ယောသပ်နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း။
24. ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ငိုလေ၏။ တဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။
25. ထိုနောက်သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်းစီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။
26. သူတို့သည်လည်းမြည်းများအပေါ်၌ စပါးကိုတင်၍ ထွက်သွားကြ၏။
27. စားခန်းသို့ရောက်သောအခါ၊ တယောက်သောသူသည် မြည်းကို အစာကျွေးခြင်းငှါမိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။