1. အဲဂုတ္တုပြည်၌စပါးရှိကြောင်းကို ယာကုပ်ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကိုတယောက် ကြည့်ရှု၍နေကြသနည်း။
2. အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကိုငါကြားရပြီ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့သွား၍ ငါတို့အဘို့ကိုဝယ်ကြလော့ဟု မိမိသားတို့အားဆိုသည်အတိုင်း၊
3. ယောသပ်၏အစ်ကိုတကျိပ်တို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ၏။
4. ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့်အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။
5. ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသောသူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ၏။
6. ယောသပ်သည်နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။
7. ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာပြောလျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟုမေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်ကလာကြပါသည်ဟု လျှောက်ကြ၏။
8. ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကိုမသိကြ။
9. ယောသပ်သည်သူတို့အကြောင်းနှင့် မြင်ရသောအိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည်သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှါ လာကြပြီဟုဆိုလျှင်၊
10. သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့သည် အစာကို ဝယ်ခြင်းငှါသာလာကြပါ၏။
11. ကျွန်တော်တို့သည် တယောက်တည်းသောသူ၏သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။
12. ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟုဆိုပြန်၏။
13. သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကိုတကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊