45. ဖာရောမင်းသည်လည်း၊ ဇာဖဏာသဖာဏတည်းဟူသော ဘွဲ့နာမနှင့် ယောသပ်ကိုချီးမြှောက်၍ ဩနမြို့၏ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တုနိုင်ငံအုပ်အရာနှင့် အထံတော်က ထွက်လေ၏။
46. ယောသပ်သည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံ၌ အခွင့်ရသောအခါ၊ အသက်အနှစ်သုံးဆယ်ရှိသတည်း။ အထံတော်ကထွက်၍ အဲဂုတ္တုပြည်တရှောက်လုံး သို့သွားလေ၏။
47. ဝပြောနှစ်ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့သည် အလွန်များပြားကြ၏။
48. ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင်ရှိသမျှသောရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင်လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထားလေ၏။
49. စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာစုထား၍ မရေတွက်နိုင်အောင်များသောကြောင့် မရေတွက်ဘဲနေသတည်း။
50. အစာခေါင်းပါးသောနှစ်မရောက်မှီ၊ ယောသပ်သည် ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။
51. သားဦးကိုကား မနာရှေအမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသောပင်ပန်းခြင်းနှင့် ငါ့အဘ၏အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း။
52. နောက်ရသောသားကိုကား၊ ဧဖရိမ်အမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည်ငါဆင်းရဲခံရသောပြည်၌ ငါ့ကိုပွါးများစေတော်မူပြီဟု ဆိုသတည်း။
53. ထိုနောက် အဲဂုတ္တုပြည်၌ဝပြောသောနှစ် ခုနစ်နှစ်ကုန်လေ၏။
54. ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါးသောနှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသောပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏။
55. နောက်တဖန် အဲဂုတ္တုပြည်သူပြည်သားအပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါမည်အကြောင်း ဖာရောမင်းထံ၌ကြွေးကြော်ကြ၏။ ဖာရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင်သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။