ကမ္ဘာ​ဦး 4:16-26 Judson Bible (BJB)

16. ကာဣနသည် ထာဝရဘုရားထံတော်မှထွက်သွား၍၊ ဧဒင်ပြည် အရှေ့၊ နောဒပြည်တွင် နေလေ၏။

17. ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူ၍၊ သားဧနောက်ကို ဘွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍ မိမိသား၏ အမည်အလိုက်၊ ထိုမြို့ကို ဧနောက်မြို့ဟု သမုတ်လေ၏။

18. ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလသားကား၊ လာမက်တည်း။

19. လာမက်သည်၊ အာဒနှင့်ဇိလ အမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု၍၊

20. အာဒသည် သားယာဗလကိုဘွားမြင်လေ၏။ ထိုသားကား၊ တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသောသူတို့၏ အဘဆရာ ဖြစ်လေသတည်း။

21. ယုဗလအမည်ရှိသော ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူအပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း။

22. ဇိလသည်လည်း၊ သားတုဗလကာဣနကို ဘွားမြင်လေ၏။ သူသည် ပန်းတဉ်းသမား၊ ပန်းပဲသမားအပေါင်းတို့၏ဆရာဖြစ်လေ၏။ တုဗလကာဣန၏နှမကား၊ နေမအမည်ရှိ၏။

23. လာမက်ကလည်း အာဒနှင့်ဇိလ၊ ငါပြောသံကို မှတ်ကြလော့။ လာမက်မယားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတယောက်ကို ငါသတ်ခဲ့ပြီ။

24. ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင်၊ အကယ်၍လာမက်သည်၊ အဆခုနစ်ဆယ် ခုနစ်ဆသောတရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။

25. အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင်၊ မယားသည် သားကို ဘွားမြင်၍ ရှေသဟူသော အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား တပါးသောအနွယ်ကို အကျွန်ုပ်အဘို့ ဘုရားသခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။

26. ရှေသသည်လည်း သားကိုရ၍ ဧနုတ်ဟူသောအမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ ကိုးကွယ်စပြုကြလေ၏၊

ကမ္ဘာ​ဦး 4