5. ထိုသို့အိမ်နှင့်ဥစ္စာရှိသမျှကို အုပ်စိုးစေသည်ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။
6. သခင်သည် မိမိ၌ရှိသမျှကိုယောသပ်လက်သို့အပ်၍၊ မိမိစားသောအစာမှတပါး အခြားသောဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။
7. ထိုနောက်မှသခင်၏မယားသည် ယောသပ်ကိုတပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။
8. ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကို ကျွန်တော်လက်သို့အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှမသိမမှတ်ပါ။
9. ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။
10. ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။
11. တနေ့သ၌ ယောသပ်သည်အမှုဆောင်ခြင်းငှါ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတယောက်မျှ မရှိသောအခါ၊
12. သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။