3. ထိုမိန်းမသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။
4. တဖန်ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ဩနန်အမည်ဖြင့်မှည့်လေ၏။
5. တဖန်ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ရှေလအမည်ဖြင့်မှည့်လေ၏။ ရှေလဘွားသောအခါ၊ အဘသည်ခေဇိပ်မြို့မှာရှိသတည်း။
6. ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာအမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ၏။
7. ယုဒ၏သားဦးဧရသည် ထာဝရဘုရားရှေ့၌ဆိုးသောသူဖြစ်၍၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော်မူ၏။
8. ထိုအခါ ယုဒသည်ဩနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကိုမယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဘက်ပြုသဖြင့်၊ အစ်ကိုအမျိုးကိုဆက်နွယ်လော့ဟုဆို၏။
9. ဩနန်သည်သားကိုရလျှင်မူကား၊ မိမိသားမမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ဝင်သောအခါ၊ သုတ်ရည်ကိုထုတ်၍ စွန့်လေ၏။
10. ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူသောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။
11. သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့သေမည်ဟု ယုဒသည်စိုးရိမ်၍၊ မိမိချွေးမတာမာကိုခေါ်ပြီးလျှင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘအိမ်၌ မုတ်ဆိုးမပြု၍နေပါဟုဆိုသည်အတိုင်း၊ တာမာသွား၍ မိမိအဘ၏အိမ်၌နေလေ၏။
12. ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယားလည်း သေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာတိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုးဟိရနှင့်အတူ သွားလေ၏။
13. မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊
14. မုတ်ဆိုးမအဝတ်ကိုချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့သို့သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။
15. ယုဒသည်ထိုမိန်းမကိုမြင်သောအခါ၊ သူသည်မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာဖြစ်သည်ဟု ထင်မှတ်လျက်၊
16. လမ်းကိုလွှဲ၍အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမက၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကိုပေးမည်နည်းဟုမေးလျှင်၊