ကမ္ဘာ​ဦး 38:14-27 Judson Bible (BJB)

14. မုတ်ဆိုးမအဝတ်ကိုချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့သို့သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။

15. ယုဒသည်ထိုမိန်းမကိုမြင်သောအခါ၊ သူသည်မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာဖြစ်သည်ဟု ထင်မှတ်လျက်၊

16. လမ်းကိုလွှဲ၍အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမက၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကိုပေးမည်နည်းဟုမေးလျှင်၊

17. ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊

18. ယုဒက အဘယ်အရာကိုပေါင်စေချင်သနည်းဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကိုပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူလေ၏။

19. ထိုနောက်မှ၊ မိန်းမသည်ထသွား၍ မျက်နှာဖုံးကိုချွတ်ပြီးလျှင်၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။

20. ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကိုရွေးယူခြင်းငှါ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကိုပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊

21. ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည်တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သားတို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊

22. ယုဒထံသို့ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကိုရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြောင်းကို ပြောလေ၏။

23. ယုဒကလည်း၊ ကျွန်ုပ်တို့သည်အရှက်မကွဲမည်အကြောင်း၊ ယူပါလေေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကိုကျွန်ုပ်ပေးလိုက်၍ သင်သည်မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။

24. ထိုနောက်သုံးလခန့်လွန်သည်ရှိသော်၊ သူတပါးက၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသောမေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟုယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကိုထုတ်၍မီးရှို့စေဟု စီရင်လေ၏။

25. ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ပို့စေ၍၊ ဤဥစ္စာကိုပိုင်သောသူအားဖြင့် ကျွန်မသည်ပဋိသန္ဓေယူပြီ။ ဤဥစ္စာတို့သည်အဘယ်သူ၏ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟုမှာလိုက်၏။

26. ထိုဥစ္စာကိုယုဒမှတ်မိ၍ သူ့အပြစ်ထက် ငါ့အပြစ်သာ၍ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟုပြောဆို၏။ နောက်တဖန် သူ့ကိုမချဉ်းကပ်ဘဲနေ၏။

27. ထိုနောက်တာမာသည် သားဘွားချိန်ရောက်လျှင်၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ၏။

ကမ္ဘာ​ဦး 38