ကမ္ဘာ​ဦး 38:11-23 Judson Bible (BJB)

11. သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့သေမည်ဟု ယုဒသည်စိုးရိမ်၍၊ မိမိချွေးမတာမာကိုခေါ်ပြီးလျှင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘအိမ်၌ မုတ်ဆိုးမပြု၍နေပါဟုဆိုသည်အတိုင်း၊ တာမာသွား၍ မိမိအဘ၏အိမ်၌နေလေ၏။

12. ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယားလည်း သေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာတိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုးဟိရနှင့်အတူ သွားလေ၏။

13. မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊

14. မုတ်ဆိုးမအဝတ်ကိုချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့သို့သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။

15. ယုဒသည်ထိုမိန်းမကိုမြင်သောအခါ၊ သူသည်မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာဖြစ်သည်ဟု ထင်မှတ်လျက်၊

16. လမ်းကိုလွှဲ၍အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမက၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကိုပေးမည်နည်းဟုမေးလျှင်၊

17. ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊

18. ယုဒက အဘယ်အရာကိုပေါင်စေချင်သနည်းဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကိုပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည်ပဋိသန္ဓေစွဲယူလေ၏။

19. ထိုနောက်မှ၊ မိန်းမသည်ထသွား၍ မျက်နှာဖုံးကိုချွတ်ပြီးလျှင်၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။

20. ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကိုရွေးယူခြင်းငှါ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကိုပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊

21. ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည်တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သားတို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊

22. ယုဒထံသို့ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကိုရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြောင်းကို ပြောလေ၏။

23. ယုဒကလည်း၊ ကျွန်ုပ်တို့သည်အရှက်မကွဲမည်အကြောင်း၊ ယူပါလေေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကိုကျွန်ုပ်ပေးလိုက်၍ သင်သည်မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။

ကမ္ဘာ​ဦး 38