ကမ္ဘာ​ဦး 37:8-22 Judson Bible (BJB)

8. အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။

9. တဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသောအိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြားပြောလေ၏။

10. ထိုသို့အဘနှင့် အစ်ကိုတို့အားကြားပြောသောအခါ၊ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ၊ သင်၏ အစ်ကိုတို့သည် သင့်ထံသို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကိုဆုံးမလေ၏။

11. အစ်ကိုတို့သည် သူ့ကိုငြူစူကြ၏။ အဘသည် ထိုအရာကိုမှတ်လေ၏။

12. အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင်မြို့မှာထိန်းခြင်းငှါသွားကြ၏။

13. ဣသရေလသည်ယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊

14. အဘကသွားပါ၊ အစ်ကိုတို့သည်ချမ်းသာသလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလောဟူ၍ ကြည့်ရှုပြီးလျှင်၊ ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှစေလွှတ်သဖြင့်၊ သူသည် ရှေခင်မြို့သို့ရောက်လေ၏။

15. တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက်သောသူနှင့်တွေ့၍ ထိုသူက၊ သင်သည်ဘာကိုရှာသနည်းဟု မေးလျှင်၊

16. အစ်ကိုများကိုရှာ၏။ အဘယ်မှာထိန်းကြသည်ကို ပြောပါဟုဆိုသော်၊

17. ထိုသူက၊ ဤအရပ်မှထွက်သွားပြီ။ ဒေါသန်မြို့သို့သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ ယောသပ်သည်လည်း၊ အစ်ကိုတို့ကိုလိုက်ရှာ၍ ဒေါသန် မြို့မှာတွေ့လေ၏။

18. အနီးသို့မရောက်မှီအဝေး၌ရှိစဉ်ပင်၊ အစ်ကိုတို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊

19. ကြည့်လော့။ အိပ်မက်ဆရာလာပြီ။

20. ကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသော တွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကိုကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ၏။

21. ထိုစကားကိုရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲနေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကိုနှုတ်လေ၏။

22. တဖန်ရုဗင်က၊ သူ၏အသွေးကိုမသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ချကြစို့ဟု သူတို့လက်မှ ယောသပ်ကိုနှုတ်ယူ၍၊ အဘ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ၏။

ကမ္ဘာ​ဦး 37