ကမ္ဘာ​ဦး 37:19-34 Judson Bible (BJB)

19. ကြည့်လော့။ အိပ်မက်ဆရာလာပြီ။

20. ကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသော တွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကိုကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ၏။

21. ထိုစကားကိုရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲနေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကိုနှုတ်လေ၏။

22. တဖန်ရုဗင်က၊ သူ၏အသွေးကိုမသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ချကြစို့ဟု သူတို့လက်မှ ယောသပ်ကိုနှုတ်ယူ၍၊ အဘ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ၏။

23. ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်သော အခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသောအင်္ကျီကိုချွတ်ပြီးမှ၊

24. သူ့ကိုကိုင်ယူ၍တွင်းထဲသို့ချကြ၏။ထိုတွင်း၌ရေမရှိ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း။

25. ထိုနောက်အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊

26. ယုဒက၊ ငါတို့သည် ညီကိုသတ်၍သေကြောင်းကိုဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။

27. ကိုင်ကြ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလလူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုးဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ်ကိုတို့ သည် ဝန်ခံကြ၏။

28. ထိုအခါ၊ မိဒျန်အမျိုးသားကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကိုတွင်းထဲကဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ်ဆယ်အဘိုးနှင့် ဣရှမေလလူတို့အားရောင်း၍၊ ထိုသူတို့သည် ယောသပ်ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။

29. ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာယောသပ်မရှိသည်ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆွဲဆုတ်လျက်၊

30. ညီတို့ရှိရာသို့သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့သွားရပါ မည်နည်းဟု ဆိုလေ၏။

31. သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကိုသတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌နှစ်လေ၏။

32. ထိုနောက်မှ၊ အဆင်းထူးခြားသောထိုအင်္ကျီကိုပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက်၊ ဤအင်္ကျီကိုအကျွန်ုပ်တို့တွေ့ပါပြီ။ သား၏အင်္ကျီ ဟုတ်သည် မဟုတ်သည်ကိုကြည့်ပါဟုဆိုလျှင်၊

33. ထိုအင်္ကျီကိုအဘမှတ်မိ၍၊ ငါ့သား၏အင်္ကျီမှန်၏။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ။ အကယ်၍ယောသပ်ကို အပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊

34. မိမိအဝတ်ကိုဆွဲဆုတ်၍၊ လျှော်တေအဝတ်ကိုပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာညည်းတွားလျက်နေလေ၏။

ကမ္ဘာ​ဦး 37