4. သူတို့သည်လည်း၊ မိမိတို့၌ပါသောတပါးအမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သောနားပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင်အောက်၌ မြှုပ်ထားလေ၏။
5. သူတို့ပြောင်းသွားကြသောအခါ၊ ပတ်ဝန်းကျင်မြို့သားတို့သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယာကုပ်သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။
6. ယာကုပ်သည် မိမိ၌ပါသောသူအပေါင်းနှင့်တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလအရပ်သို့ ရောက်ကြသော်၊
7. ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလအမည်ဖြင့် တဖန် သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူသတည်း။
8. ရေဗက္က၏အထိန်းဒေဗောရသေ၍၊ ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍တွင်သတည်း။
9. ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသောနောက်၊ တဖန်ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေးတော်မူပြီးလျှင်၊
10. သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။
11. တဖန်ဘုရားသခင်က၊ ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ တိုးပွါးများပြားလော့။ လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။
12. အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။
13. ထိုသို့ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်မှ၊ ဘုရားသခင် တက်ကြွတော်မူ၏။
14. ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကိုစိုက်၍၊ ကျောက်ဖျာပေါ်၌သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို ၎င်းလောင်းလေ၏။
15. ဗျာဒိတ်တော်ကိုခံရသော ထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တဖန်သမုတ်ပြန်လေ၏။
16. ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွားပြန်၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ ရာခေလသည် သားဘွားအံ့သောအချိန်ရောက်၍၊ ပြင်းစွာသောဝေဒနာကို ခံရ၏။
17. ထိုသို့ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ်နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။
18. ရာခေလသည်သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ်ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့်မှည့်သတည်း။