10. သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။
11. တဖန်ဘုရားသခင်က၊ ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ တိုးပွါးများပြားလော့။ လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။
12. အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။
13. ထိုသို့ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်မှ၊ ဘုရားသခင် တက်ကြွတော်မူ၏။
14. ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကိုစိုက်၍၊ ကျောက်ဖျာပေါ်၌သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို ၎င်းလောင်းလေ၏။
15. ဗျာဒိတ်တော်ကိုခံရသော ထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တဖန်သမုတ်ပြန်လေ၏။
16. ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွားပြန်၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ ရာခေလသည် သားဘွားအံ့သောအချိန်ရောက်၍၊ ပြင်းစွာသောဝေဒနာကို ခံရ၏။
17. ထိုသို့ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ်နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။
18. ရာခေလသည်သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ်ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့်မှည့်သတည်း။
19. ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။
20. ယာကုပ်လည်း သင်္ချၖိုင်းအပေါ်မှာ မှတ်တိုင်ကိုစိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏သင်္ချၖိုင်းမှတ်တိုင်ဖြစ်သတည်း။
21. ဣသရေလသည်တဖန်ခရီးသွားပြန်၍၊ ဧဒါလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ၏။
22. ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့် အိပ်လေ၏။ ထိုသတင်းကို ဣသရေလကြား၏။