ကမ္ဘာ​ဦး 34:23-31 Judson Bible (BJB)

23. သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့အလိုသို့ လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင်နေကြလိမ့်မည်ဟု၊

24. ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသောစကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည်နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ၏။

25. ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင်ရှိမောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီစွဲကိုင်လျက်၊ သတိမရှိသောထိုမြို့ကိုတိုက်၍၊ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။

26. ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့်သတ်ပြီးလျှင်၊ ဒိနကိုရှေခင်အိမ်မှနှုတ်ယူ၍ ပြန်သွားကြ၏။

27. မိမိတို့နှမရှုတ်ချခြင်းကိုခံရသောကြောင့်၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊

28. သူတို့ သိုး၊ ဆိတ်၊ နွား၊ မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကို၎င်း၊

29. သူတို့သားမယား၊ သူငယ်အပေါင်းကို၎င်းသိမ်းယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။

30. ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကိုညှဉ်းဆဲကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည်သားတို့သည် ငါ့ကိုရွံရှာအောင်ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက်အားနည်းသောကြောင့်၊ သူတို့သည်စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူအိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အားဆိုလေသော်၊

31. သူတို့က၊ ငါတို့နှမကိုပြည်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။

ကမ္ဘာ​ဦး 34