12. ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ်စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင်ပေးပါမည်။ ဤမိန်းမကိုသာ ငါ့အားထိမ်းမြားပေးစားကြပါဟု၊ မိန်းမ၏အဘနှင့် မောင်တို့အားဆိုလေ၏။
13. ယာကုပ်၏သားတို့သည်၊ နှမဒိနကို ရှေခင်မင်းသားရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသားနှင့် အဘဟာမော်ကို ပရိယာယ်ဖြင့်ပြန်ပြောသည်မှာ၊
14. ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကိုမခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ်သောအကြောင်းဖြစ်ပါ၏။
15. သင်တို့သည် ကျွန်ုပ်တို့ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံလျှင်၊ ကျွန်ုပ်တို့သည်ဝန်ခံကြပါမည်။
16. သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အားပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တမျိုးတည်းဖြစ်ကြလိမ့်မည်။
17. သို့မဟုတ် ကျွန်ုပ်တို့စကားကိုနားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။
18. ထိုစကားကိုဟာမော်မင်းနှင့် သားတော်ရှေခင်သည်နှစ်သက်၍၊
19. ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အားကြီးသောကြောင့်၎င်း၊ အဘ၏ အမျိုးသားချင်းအပေါင်းတို့ထက် အသရေရှိသောကြောင့်၎င်း၊ ချက်ခြင်းဝန်ခံလေ၏။
20. ထိုအခါ၊ ဟာမော်မင်းနှင့် သားတော်ရှေခင်သည်၊ မိမိမြို့တံခါးသို့သွား၍၊ မြို့သားတို့နှင့်နှုတ်ဆက်လျက်၊
21. အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့်ကြပြီ။ ငါတို့ပြည်၌နေ၍ ဖောက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဘက်ပြုကြစို့။ ငါတို့သမီးများကိုလည်း သူတို့အားထိမ်းမြားပေးစားကြစို့။
22. သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်းအရေဖျားလှီးမင်္ဂလာကို ခံမှသာ၊ ထိုလူတို့သည်ငါတို့တွင်နေ၍ တမျိုး တည်းဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည်။