1. ယာကုပ်သည်ခရီးသွားပြန်၍၊ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှါလာကြသည်ကို၊
2. ယာကုပ်မြင်လျှင် ဘုရားသခင်၏တပ်တော်ဖြစ်သည်ဟု ဆို၍၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ၏။
3. ထိုအခါ ယာကုပ်သည်၊ အစ်ကိုဧသောနေရာ ဧဒုံပြည်တည်းဟူသော စိရပြည်သို့၊ တမန်တို့ကို မိမိရှေ့မှာစေလွှတ်၍ မှာလိုက်သည်ကား၊
4. ကိုယ်တော်၏ကျွန်ယာကုပ်က၊ ကျွန်တော်သည် လာဗန်ထံမှာတည်းခို၍၊ ယခုတိုင်အောင်နေပါပြီ။
5. ကျွန်တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား မိန်းမများရှိကြပါ၏။ ကျွန်တော်သည် သခင်၏စိတ်တော်နှင့်တွေ့စေခြင်းငှါ၊ လျှောက်ကြားလိုက်ပါသည်ဟု၊ ငါ့သခင်ဧသောကိုလျှောက်ကြဟု မှာလိုက်လေ၏။
6. တမန်တို့လည်း ယာကုပ်ထံသို့ပြန်လာ၍၊ ကျွန်တော်တို့သည်၊ ကိုယ်တော်၏အစ်ကိုဧသောထံသို့ ရောက်ခဲ့ပါပြီ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှါ၊ လူလေးရာနှင့်ချီလာပါသည်ဟု လျှောက်ကြ၏။
7. ထိုအခါယာကုပ်သည်၊ အလွန်ကြောက်၍ စိတ်ပူပန်လျှင်၊ မိမိတွင်ပါသော လူစု၊ သိုးဆိတ်စု၊ နွားစု၊ ကုလားအုပ်များတို့ကို နှစ်စုခွဲ၍ထားလေ၏။
8. အကြောင်းမူကား၊ တစုကို ဧသောတွေ့၍လုပ်ကြံလျှင်၊ ကြွင်းသော တစုလွတ်လိမ့်မည်ဟုဆို၏။
9. တဖန်ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရားကိုယ်တော်က၊ သင်၏ပြည်၊ သင်၏ အမျိုးသားချင်းတို့ထံသို့ ပြန်လော့။ ငါသည်သင်၌ကျေးဇူးပြုမည်ဟု မိန့်တော်မူပါပြီ။
10. ကိုယ်တော်ကျွန်၌ပြတော်မူသော ကရုဏာသစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည်အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲတောင်ဝေးနှင့်သာကူးပါ၏။ ယခုမူကား၊ အပေါင်းအသင်းနှစ်စုဖြစ်ပါ၏။
11. သို့ဖြစ်၍၊ အကျွန်ုပ်ကိုအစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည်လာ၍ အကျွန်ုပ်ကို၎င်း၊ သားမယားတို့ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။
12. ကိုယ်တော်က၊ ငါသည်သင်၌ အမှန်ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ၏။
13. ထိုအရပ်၌ တညဉ့်ပတ်လုံးနေပြီးမှ၊ မိမိလက်ရှိဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာဘို့၊
14. ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊
15. နို့စို့သားငယ်နှင့်တကွ၊ နို့ညှစ်ကုလားအုပ်မသုံးဆယ်၊ နွားမလေးဆယ်၊ နွားထီးတဆယ်၊ မြည်းမနှစ်ဆယ်နှင့် မြည်းကလေးတဆယ်တို့ကိုယူ၍၊
16. အသီးအသီးတစုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့အပ်ပြီးလျှင်၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား၍၊ တစုနှင့်တစုကို ခရီးကွာစေလော့ဟု၊ ကျွန်တို့အား မှာထားလေ၏။
17. ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏လူဖြစ်သည်နည်း၊ အဘယ်အရပ်သို့သွားသနည်း။ သင့်ရှေ့မှာရှိသောတရိစ္ဆာန်များကား အဘယ်သူ၏ဥစ္စာဖြစ်သနည်းဟုမေးလျှင်၊